Thursday, December 23, 2010

သန်းခေါင်ယံအတွေးတစ်စ

ဒီနေ့အိမ်ကိုပြန်လာတော့ တိုက်အ၀င်ဝမှာ သစ်ရွက်ခြောက်တွေအများကြီး
ပွကြဲနေတာကိုတွေ့လိုက်ရတယ်။
အရင်ဆိုပြန်လာရင် အိမ်ရှင်အဒေါ်ကြီးက သန့်ရှင်းရေးလုပ်ထားပေးပြီးသား။
ပြန်လာတာစောရင်တခါတလေသူသန့်ရှင်းရေးလုပ်နေတာနဲ့ကြုံတတ်တယ်။
တွေ့ရင်အမြဲလိုလိုနှုတ်ဆက်တတ်တယ်။ သဘောလည်းကောင်းတယ်။
အသက် ၆၉ နှစ်ပေမယ့် ကျန်းကျန်းမာမာပဲ။
၁၅ရက်နေ့ကတောင်သူနဲ့တွေ့လို့နှုတ်ဆက်လိုက်သေးတယ်။
အဲဒိနောက်ပိုင်းသူ့ကိုမတွေ့ဖြစ်ပေမယ့်နေ့တိုင်းတွေ့နေတာမဟုတ်တော့လည်းအမှတ်တမဲ့ပါပဲ။

၁၉ရက်နေ့လောက်ကျတော့စာတိုက်ပုံးထဲမှာစာတစ်စောင်ရောက်နေတယ်။

၁၆ရက်နေ့မှာ သူ ... ဘ၀တပါးကိုကူးပြောင်းသွားပြီ တဲ့။

မယုံနိုင်လောက်အောင်ပဲ။ အဲဒီမတိုင်ခင်တစ်ရက်ကတင်တွေ့ခဲ့သေးတာလေ။
နေ့မြင်ညပျောက်ဆိုသလိုသေခြင်းတရားကဘယ်အချိန်
ကိုယ့်ဆီရောက်လာမလဲဆိုတာမသိနိုင်ဘူးနော်။
သံဝေဂလည်းရမိတယ်။ စိတ်မကောင်းလည်းဖြစ်မိတယ်။

တိုက်အ၀င်ဝကသစ်ရွက်ခြောက်တွေကိုကြည့်ရင်း
သြော် - သူရှိရင်ဒါတွေကိုလှည်းပေးထားမှာပဲ လို့တွေးမိရင်း . . .
တချိန်တည်းမှာပဲ Bump Of Chicken အဖွဲ့ရဲ့ supernova ဆိုတဲ့သီချင်းကိုလည်းသတိရလိုက်မိတယ်။



ကိုယ်ပူတဲ့အခါမှ သတိထားလိုက်မိတယ်။
ငါ့မှာခန္ဓ္ဓာကိုယ်ရှိနေတယ်ဆိုတာကိုပေါ့။

နှာပိတ်တဲ့အခါမှ သတိထားလိုက်မိတယ်။
ခုချိန်ထိ အသက်ရှုနေခဲ့တယ်ဆိုတာကိုပေါ့။

မင်းရှိနေခြင်း၊ မင်းရဲ့တန်ဖိုးကို အကြိမ်ကြိမ်ဆန်းစစ်ကြည့်ခဲ့ပါတယ်။
ဒါပေမယ့် တကယ့်တန်ဖိုးအစစ်ကိုတော့
မင်းမရှိတော့မှ သိလာတယ်။

စစ်မှန်တဲ့ကျေးဇူးတင်ခြင်းဆိုတာ
(ကျေးဇူးတင်ပါတယ်) ဆိုတဲ့စကားနဲ့ မလုံလောက်ပါဘူး။


သူနဲ့ဆုံတိုင်း နှုတ်ဆက်စကားတွေ၊ အလာပသလာပတွေပြောဖြစ်ခဲ့ပေမယ့်
တခါမှသူ့ကို ကျေးဇူးတင်ပါတယ် လို့မပြောခဲ့မိဘူး။
ခုတော့ပြောချင်ပေမယ့် သူမကြားနိုင်တော့ပါဘူး။

မကြားနိုင်တော့တဲ့အချိန်ကျမှ ပြောချင်ပါတယ်ဆိုတာမျိုးနောက်ထပ်မဖြစ်ရအောင်
တစုံတစ်ယောက်ကိုကျေးဇူးတင်တဲ့စိတ်လေးဖြစ်မိတိုင်း
ကျေးဇူးတင်တယ် ဆိုတဲ့စကားနဲ့မလုံလောက်ပေမယ့်လည်း
ကျေးဇူးတင်တယ် ဆိုတာကိုသိအောင်ပြောပြသွားချင်ပါတယ်။

No comments: